Tuesday, 2 July 2013

နှလုံးသားမှာ ကြတ်တဲ့လ


၁။

ဖန်ဝါနေမင်းကြီးက ဂေါယာကျွန်းဖက် ယွန်းလေလေ စိတ်တွေက ပိုပြီးလှုပ်ရှားလာလေလေ။ သည်နေ့ သည်ရက် သည်လိုညနေခင်းကို ဘယ်လောက်ထိ မျှော်နေမိခဲ့တယ်ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးပါ။

နိုင်ငံရပ်ခြားမှာ ကျောင်းတက်နေချိန် တစ်လျှောက်လုံး အမိမြေနဲ့ ပတ်သက်ပြီး အလွမ်းရဆုံး ရာသီပွဲတော်က ကျွန်တော်တို့ ဇာတိမြို့ငယ်ကလေးရဲ့  မြင်းမိုရ်ပွဲတော်ပဲ ဖြစ်တယ်။

ရောင်စုံနီယွန်မီးတွေ ထိန်ထိန်ညီးတဲ့ မြို့ပြညတွေမှာ ငြီးငွေ့လာလေလေ မှိတ်တုတ် မှိတ်တုတ် ဆီးမီရောင်လေးတွေနဲ့ ပကာသနကင်းမဲ့စွာ လှပနေတဲ့ သန်တူလရဲ့ လပြည့်ညချမ်းကို ကျွန်တော် လွမ်းမိလေလေ။

အဲသည် လပြည့်ညကလေးနဲ့ ဝေးကွာခဲ့ရတဲ့ ရက်ပေါင်း တစ်ထောင်ကျော်ပြီးမှပဲ မပူလွန်း၊ မအေးလွန်းဘဲ မိုးလေငြိမ်သက်တဲ့ သီတင်းကျွတ်လမှာ ဇာတိမြို့ငယ်ကလေးကို အလည်တစ်ခေါက် ရောက်ဖြစ်ခဲ့တော့တယ်။


၂။

အားအပြည့်သွင်းထားတဲ့ ဘက်ထရီရယ်၊ မန်မိုရီကဒ်ရယ်ကို ကင်မရာထဲမှာ ထည့်လိုက်ပြီးတော့ ကျွန်တော့စိတ်တိုင်းကျ မှန်ဘီလူးတစ်ခုကိုပါ ကင်မရာမှာ တပ်ဆင်လိုက်တယ်။ ပြီးတော့ နောက်ထပ် မှန်ဘီလူးတစ်ခုရယ် ဘက်ထရီအပိုတစ်ခုရယ်ကို ကင်မရာအိတ်ထဲ ထည့်လိုက်တယ်။ ကင်မရာအိတ်ကို ဘယ်ဖက်ပုခုံးမှာလွယ်၊ ညာဖက်ပုခုံးမှာ သုံးချောင်းထောက်ထည့်ထားတဲ့ အိတ်ကိုလွယ်ပြီး ကင်မရာကို လည်ပင်းမှာ ချိတ်ဆွဲလိုက်ချိန်မှာ ကျွန်တော်ဟာ မြင်းမိုရ်ပွဲတော်ကိုသွားဖို့ အဆင်သင့်ဖြစ်ပြီပေါ့။

လက်က နာရီကို ငုံ့ကြည့်လိုက်တော့ အချိန်က ညနေ ၅နာရီတိတိ။ မိနစ်လက်တံဟာ ၁၂တိတိမှာ ရှိနေတဲ့အဖြစ်ကို သဘောကျပြီး လေတစ်ချက် ချွန်လိုက်မိသေးတယ်။

အိမ်ကထဲနေ ကျွန်တော် ထွက်လာတော့ အိမ်ရှေ့မှာ ထိုင်နေတဲ့ အဖေက ကားယူသွားဖို့ ပြောတယ်။ အမေကတော့ အို လူတွေက ရှုပ်ကရှုပ်နဲ့ ဒီတိုင်းလမ်းလျှောက်သွားလည်း ဖြစ်ပါတယ်၊ ဝေးမှမဝေးဘဲ လို့ ဆိုတယ်။

ဘုရားသွားတဲ့ လမ်းတစ်လျှောက်မှာ ဓါတ်ပုံရိုက်ချင်တဲ့ ကျွန်တော်က အစကတည်းက လမ်းလျှောက်သွားဖို့ ဆုံးဖြတ်ထားခဲ့ပြီးသားပါ။

“ မယူတော့ဘူး အဖေ။ ကျွန်တော် လမ်းမှာ ဓါတ်ပုံရိုက်ဦးမှာ။ ”

“ သွားပြီနော် အမေ။ ”

အဖေနဲ့ အမေကို နှုတ်ဆက်ပြီး ခြေလှမ်းကြဲကြဲကြီးတွေနဲ့ ခြံဝင်းထဲကနေ လှမ်းထွက်လာခဲ့တယ်။

မြင်းမိုရ်ပွဲတော် ကျင်းပရာ မြတ်ဘုန်းရှင်စေတီကို ဦးတည်နေတဲ့ ကျွန်တော့်ခြေလှမ်းတွေဟာ ပေါ့ပါးသွက်လက်လို့။

၃။

ညနေခင်းဟာ ဆည်းဆာနေရောင်အောက်မှာ တောက်ပနေသေးတယ်။ နေရောင်ခြည် မကွယ်ပျောက်သေးလို့ ဆီမီးရောင်ကလေးတွေ မထွန်းပြောင်နိုင်သေးချိန်ပေါ့။ ဘုရားရင်ပြင်မှာတော့ မြင်းမိုရ်ပွဲတော်အတွက် ပြင်ဆင်နေကြရော့မယ်။

မြင်းမိုရ်တောင်ဦးမှ ဘုရားရှင် ကြွဆင်းတော်မူလာခြင်းကို ရည်ညွှန်းပြီး မြင်းမိုရ်ပွဲတော်လို့ ခေါ်ဆိုကြတဲ့အကြောင်း ကျွန်တော်ငယ်ငယ်က မှတ်သားခဲ့ဖူးတယ်။ အခုလို သီတင်းကျွတ်လပြည့်ညရာက်ပြီဆိုလျှင်ကျွန်တော်တို့ မြို့ကလေးရဲ့ ဓမ္မာရုံ၊ စေတီနဲ့ ဘုရားပုထိုးတွေမှာသာမက အိမ်၊ ကျောင်း၊ ရုံးနဲ့ လမ်းတွေမှာပါ ဆီမီး၊ ဖယောင်းတိုင်၊ ရောင်စုံမီးပုံးကလေးတွေ ပြီးတော့ လျှပ်စစ်မီးတွေ သွယ်တန်း ဆင်ယင်ကြပြီး မြင်းမိုရ်ပွဲတော်ကို ဆင်နွှဲကြတယ်။ မြင်းမိုရ်ပွဲတော် ကျင်းပတဲ့ မြတ်ဘုန်းရှင်ဘုရားမှာလည်း ဆီမီးတစ်ထောင်နဲ့ မြတ်စွာဘုရားကို ပူဇော်ကြတယ်။

၎။

ဆည်းလည်းသံ ချွင်ချွင်ကလေးတွေတို့ လွှမ်းခြုံရာ ဘုရားရင်ပြင်ကို ရောက်သွားတဲ့အချိန်မှာတော့ မြင်းမိုရ်ပွဲတော်အတွက် စီတန်းခင်းကျင်းထားတဲ့ ဆီမီးခွက်ကလေးတွေဟာ မီးထွန်းညှိဖို့ အဆင်သင့်လုနီးပါး ဖြစ်နေကြပြီ။

မြန်မာဆန်ဆန် ဖီးလိမ်းပြင်ဆင်ထားကြတဲ့ အမျိုးသမီးကလေးတွေက ဆီမီးခွက်ကလေးတွေနားမှာ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေကြတယ်။ ပကာသနမပါဘဲ ရိုးရိုးရှင်းရှင်းနဲ့ တင့်တယ်နေကြတဲ့ သူတို့လေးတွေကို တစ်စုတစ်ဝေးထဲ မြင်လိုက်ရတော့ ကြည်နူးမှုလေးတစ်ခုက ရင်ထဲမှာ လှိုက်ခတ်လာတယ်။ ဒီလို မြန်မာ့ဓလေ့ မြန်မာ့အငွေ့တွေနဲ့ ဝေးကွာနေခဲ့ရတာ ကြာခဲ့ပြီလေ။

အရင်ဆုံး ဘုရားဝတ်ပြုလိုက်ပြီးနောက် ရင်ပြင်ပေါ်တစ်ပတ်ပတ်ရင်း မြင်းမိုရ်ပွဲတော်ရဲ့ အလှနဲ့ရသကို ကင်မရာ ခလုတ် တဖျတ်ဖျတ်နှိပ်ရင်း ဓါတ်ပုံမှတ်တမ်း တင်နေမိတယ်။

တဖြည်းဖြည်း မှောင်ရီပျိုးလာတာနဲ့အမျှ မြင်းမိုရ်ပွဲဈေးတန်းကျင်းပရာနေရာမှာ ရောင်စုံမီးပုံးကလေးတွေကလည်း ဟိုတစ်စ သည်တစ်စ လင်းလက်လာကြတယ်။ မိန်းကလေးငယ်လေးတွေက ရောင်စုံမီးပုံးကလေးတွေကို ကိုင်ဆွဲလို့၊ ကလေးငယ်လေးတွေကလည်း ကားပုံသဏ္ဍာန်၊ သင်္ဘောပုံသဏ္ဍာန်၊ လေယာဉ်ပုံသဏ္ဍာန်ရှိတဲ့ ကြိုးနဲ့ဆွဲလို့ရတဲ့ မီးပုံးကလေးကို ဆော့ကစားလို့ ပွဲဈေးတန်းကြီးက တဖြည်းဖြည်းနဲ့ စည်ကား လှပလို့လာတယ်။

၅။

ပွဲဈေးတန်းမှာ ဟိုဟိုသည်သည် ဓါတ်ပုံလျှောက်ရိုက်ပြီးတော့ ဆီမီးတစ်ထောင်ထွန်းညှိမယ့် ရင်ပြင်တော်ပေါ်ဆီ ပြန်တက်လာခဲ့တယ်။

ဆီမီးကလေးတွေ ထွန်းညှိနေကြတာကို အမှတ်တရအဖြစ် ဗွီဒီယိုမှတ်တမ်းတင်ထားချင်တဲ့စိတ် ဖြစ်နေခဲ့တာ ကြာခဲ့ပြီ။ အခုမှပဲ စိတ်ကူးတို့ကို လက်တွေ့အကောင်အထည် ဖော်ရတော့မယ်။

ရင်ပြင်တော်ပေါ်ကို ပြန်ရောက်တော့ ဆီမီးကလေးတွေကို စပြီး ထွန်းညှိနေကြပြီ။

ဆီမီးကလေးတွေထွန်းညှိနေတာကို အနီးကပ် မှတ်တမ်းတင်ပြီးသွားတော့ ရင်ပြင်တစ်ခြမ်းလုံးကို ခြုံငုံမိအောင် ခပ်လှမ်းလှမ်းထောင့်တစ်နေရာမှာ နေရာရွေးရင်း ကျွန်တော်တစ်ယောက်တည်း မမောတမ်း အလုပ်များနေမိတယ်။ ရင်ပြင်တော်ပေါ်မှာ ဆီမီးကလေးတွေ ထွန်းညှိနေကြတာကို ခြုံငုံမိတဲ့ ကျွန်တော့်စိတ်တိုင်းကျ ရှုထောင့်မှာ သုံးချောင်းထောက်ကို အကျအန ထောက်ရင်း ကင်မရာကို သုံးချောင်းထောက်ပေါ် တင်လိုက်တယ်။ ပြီးတော့ ဆီမီးလေးတွေ ထွန်းညှိနေတဲ့ ရင်ပြင်တစ်လျှောက် ကင်မရာကို ဖြည်းဖြည်းချင်း ဆွဲလှည့်ရိုက်ယူနေတုန်း သူမက ကျွန်တော့် မြင်ကွင်းထဲကို တစ်လှမ်းချင်း ဝင်ရောက်လာခဲ့တယ်။

ပန်းကလေးတစ်ပွင့် လေပြေမှာ မျောလွင့်လာသလို ညင်ညင်သာသာလေး လျှောက်လှမ်းလာနေတဲ့ သူမက အဝါရောင် ဝမ်းဆက်ကလေး ဝတ်ဆင်ထားတယ်။ သူမရဲ့ ဆံနွယ်လေးတွေက ကျောပြင်ပေါ်မှာ ဝဲကျနေကြတယ်။ သနပ်ခါး၊ မိတ်ကပ် ဘာဆိုဘာမှ လိမ်းခြယ်မထားဘဲ ရှင်းသန့်နေတဲ့ မျက်နှာလေးမှာ မည်းနက်နေတဲ့ သူမ မျက်ခုံးထူထူလေးက စိမ်းပြီးထင်းနေတယ်။ စိုပြီးဖူးနေတဲ့ ပန်းသွေးရောင် နှုတ်ခမ်းလေးကလည်း သူမ မျက်နှာအလှလေးကို အားဖြည့်ပေးနေတယ်။ ပြီးတော့ သူမ မျက်လုံးကလေးတွေကလည်း မည်းနက်ပြီး ဝိုင်းစက်နေလိုက်တာ။

အဖော်မပါဘဲ တစ်ကိုယ်တည်း လျှောက်လာတဲ့ သူမကို  ဖျတ်ခနဲ မြင်လိုက်ရတဲ့ တစ်ခဏလေးမှာပဲ သူမပုံရိပ်ကလေးကို ကျွန်တော့်အာရုံမှာ စွဲထင်သွားအောင် ဖမ်းစားနိုင်ခဲ့တယ်။ သူမလှုပ်ရှားမှုလေးတွေကို ကင်မရာမှတစ်ဆင့် ကျွန်တော် လိုက်ကြည့်နေမိခဲ့တယ်။


သူမ မျက်နှာလေးက သိပ်ပြီး အေးချမ်းတယ်။  တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းလေးတွေကြောင့် မာနကြီးသယောင်ယောင် ထင်ရပေမယ့် သူမ မျက်ဝန်းတွေကတော့ ပြုံးယောင်သန်းနေတယ်။ ဒါကိုက နူးညံ့တဲ့ သူမ အတွင်းစိတ်ကို ထင်ဟပ်ပြနေတာပဲ မဟုတ်လား။

သူမက ဆီမီးကလေးတွေ ထွန်းညှိနေကြတဲ့ မိန်းကလေးတစ်သိုက်ဆီ လျှောက်သွားတယ်။ ခြေတစ်လှမ်းချင်း ကြွယူပြီး နင်းချလိုက်ဟန်၊ လမ်းလျှောက်နေတာလေးကို ရပ်ပြီး ရင်ပြင်တော်ပေါ် ဒူးထောက်ထိုင်ချလိုက်ဟန်လေးတွေက သိပ်ပြီး စွဲမက်ဖို့ ကောင်းတာပဲ။ သူမ စကားပြောနေတဲ့အခါ သူမရဲ့ နှုတ်ခမ်းလေးကသာမဟုတ်ဘဲ မျက်လုံးလေးတွေကပါ ပြုံးနေကြတယ်။ ဒါဟာ စိတ်သဘောထား ဖြူစင်ခြင်းရဲ့ သင်္ကေတပေါ့။

သူမကိုကြည့်ပြီး တစ်ဖက်သတ်အမှတ်တွေ ပေးရင်း
အကောင်းတွေချည်း မြင်နေမိပါလားဆိုတာ ကိုယ့်ကိုယ်ကို သိလိုက်ရချိန်မှာ ဘာကြောင့်လဲလို့ ကျွန်တော့်ကို ကျွန်တော် မေးလိုက်မိတယ်။ သူမကို သိပ်ပြီး နှစ်သက်သဘောကျသွားလို့ပေါ့တဲ့။ ရင်ဘတ်ထဲက ဖြေသံ တိုးတိုးကလေး ထွက်ကျလာခဲ့တယ်။

သူမက မီးစာဖြည့်ပြီးသား ဆီမီးကလေးတွေမှာ မီးကလေးတွေကို လိုက်ပြီး ထွန်းညှိနေတယ်။ ဆီမီးတောက်ကလေးတွေက အားဖြည့်ပေးလိုက်လို့ပဲလား။ သူမ မျက်နှာလေးက ဆီမီးလေးတွေကြားမှာ ပိုပြီး ဝင်းဝါတောက်ပနေတယ်။ ခေါင်းကလေးငုံ့ပြီး ဆီမီးထွန်းနေတုန်း မျက်နှာပေါ်ဝဲကျလာတဲ့ ဆံနွယ်လေးတစ်ချို့ကို သူမက သပ်တင်ပြီး နားရွက်နောက်ကို သိမ်းလိုက်တယ်။ ဘာမှမဟုတ်တဲ့ အဲဒီအပြုအမူလေးက ကျွန်တော့်ရင်ကို သိမ့်ခနဲ လှုပ်ရှားသွားစေတယ်။ ဘာနားကပ်မှ ဝတ်မထားတဲ့ သူမရဲ့ နားရွက်ကလေးက လှလိုက်တာ။

ကင်မရာကို ဇွန်းနည်းနည်း ထပ်ဆွဲလိုက်ပြီး သူမရဲ့ လှုပ်ရှားမှုလေးတိုင်းကို မျက်တောင်တစ်ချက်မခတ်ဘဲ လိုက်ကြည့်နေမိတယ်။

သူမရဲ့  သွယ်လျလှပတဲ့ လက်ကလေးတွေက ဆီမီးခွက် တစ်ခွက်ကနေ တစ်ခွက်ကိုပြောင်းလို့ မီးထွန်းညှိနေတယ်။ ဆီမီးဝါဝါလေးတွေကြားမှာ သူမ လက်ချောင်းလေးတွေက သိပ်ကို လှနေခဲ့တယ်။

ကင်မရာကနေတစ်ဆင့် သူမကို ခိုးကြည့်နေတဲ့ ယောက်ျားတစ်ယောက် ရှိနေတယ်ဆိုတာကို သူမက လုံးဝ သတိထားမိဟန် မတူဘူး။ ကျွန်တော်ကတော့ ကင်မရာရှေ့က ဖြစ်လျှောက်သွားတဲ့ သူတွေကို မကျေမနပ်နဲ့ စိတ်တိုနေမိတယ်။ သူတို့တွေက သူမကို ကျွန်တော့် မြင်ကွင်းကနေပိတ်ပင်တားဆီးကြတယ် မဟုတ်လား။ ကျွန်တော်က သူမရဲ့ လှုပ်ရှားမှုလေးတွေကို တစက္ကန့်မှမလွတ်အောင် မှတ်တမ်းတင်ထားချင်သူလေ။ သူမရဲ့ ပုံရိပ်ကလေးတွေကို မြတ်မြတ်နိုးနိုး သိမ်းဆည်းထားချင်တဲ့စိတ်တွေက ကျွန်တော့်ရင်ထဲမှာ တဖွားဖွား။ ပြီးတော့ စိတ်ကူးယဉ်မျှော်လင့်ချက်တစ်ချို့ကလဲ ရင်ထဲမှာ ထကြွလာကြတယ်။

တစ်နေ့နေ့မှာ ကျွန်တော်နဲ့သူမ သိကျွမ်းခင်မင်ခွင့်မရဘူးလို့ ဘယ်သူ တပ်အပ်ပြောနိုင်မလဲ။ ရေစက်သာရှိမယ်ဆိုရင် တစ်ချိန်မှာ သူမရဲ့ချစ်သူဟာ ကျွန်တော် ဖြစ်ကောင်းဖြစ်နိုင်တယ်လေ။ အဲသည်လို ချစ်သူတွေဖြစ်ပြီးတဲ့နောက် သူမရဲ့ မွေးနေ့လေးမှာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ချစ်သူသက်တမ်း တစ်နှစ်ပြည့်လို့ပဲဖြစ်ဖြစ် အမှတ်တရလေး တစ်ခုခု လုပ်ကြတဲ့အခါ ဟောဒီဗွီဒီယိုလေးကို ပြပြီး အဲသည်ကတည်းက သူမကို ဘယ်လောက်စွဲလန်းနေခဲ့ရကြောင်း ပြောပြလို့ရတာပေါ့။

ကျွန်တော် စိတ်ကူးယဉ်အတွေးလေးကြောင့် ကိုယ့်ကိုယ်ကို တိတ်တခိုးလေး ရှက်သွားမိတယ်။ ကျွန်တော်ရှိနေခြင်းကို သတိတောင်မမူမိတဲ့ မိန်းကလေးက စိတ်ကူးထဲမှာတော့ ကျွန်တော့်ချစ်သူလေး ဖြစ်လို့နေခဲ့ပြီ။

စိတ်ကူးတွေယဉ်ရင်း အချိန်တွေတောင် ဘယ်လောက်ကြာလို့ ကြာနေမှန်း သတိမထားလိုက်မိဘူး။ ကျွန်တော် သတိထားမိချိန်မှာ ဆီမီးလေးတွေက အားလုံးနီးပါး ထွန်းပြီလုလု ဖြစ်နေကြပြီ။ သူမရှေ့ဖက်မှာ ရှိတဲ့ ဆီမီးကလေးတွေကို ထွန်းညှိပြီးသွားတော့ သူမက ဒူးကလေးထောက်ပြီး ထိုင်နေရာကနေ အသာအယာလေး မတ်တပ်ထရပ်လိုက်တယ်။ ပြီးတော့ နောက်ဖက်ကို လှည့်အထွက် ကားမီးပုံးကလေးဆွဲပြီး ပြေးလာတဲ့ ကလေးလေးတစ်ယောက်နဲ့ တိုက်မိမလို ဖြစ်သွားတယ်။ ကလေးလေးကို ရှောင်တိမ်းလိုက်ချိန်မှာ သူမ ခန္ဓာကိုယ်ကလေး ယိုင်လဲသွားမလားလို့ စိတ်ပူလိုက်မိပြီး လက်တစ်ဖက်တောင် ယောင်ပြီး ဆန့်တန်းလိုက်မိသေးတယ်။ တော်ပါသေးရဲ့။ သူမ လဲမကျသွားဘူး။ ကလေးလေး လဲကျမသွားအောင်တောင် သူမက ဆွဲဖမ်းပြီး ထိန်းလိုက်နိုင်သေးတယ်။ အဲဒီအချိန်မှာပဲ သူမတို့အနားကို ကလေးလေးရဲ့ အမေဖြစ်ဟန်တူတဲ့ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ အမျိုးသမီးကြီးတစ်ယောက် ရောက်လာတယ်။

အမျိုးသမီးကြီးက သူမကို တောင်းပန်စကားပြောနေဟန် ရှိတယ်။ သူမကတော့ ခေါင်းကလေး ယမ်းကာ ယမ်းကာနဲ့ ပြုံးရယ်နေတယ်။ ကျွန်တော့်အတွက် ရွှေတွေညွှတ်နေအောင် ဝတ်ပြီး ဖီးလိမ်းခြယ်သထားတဲ့ အမျိုးသမီးကြီး အလှထက် သူမရဲ့ ပင်ကိုယ်အလှလေးက မြင်ရသူအပေါင်းကို ပကတိ အေးချမ်းစေတယ်။ အမျိုးသမီးကြီးက ကလေးလေးလက်ဆွဲပြီး ထွက်သွားတော့ သူမက ကလေးလေးတို့သားအမိကို ငေးကြည့်နေတယ်။ ကလေးလေးက သူမကို နောက်ပြန်လှည့်ကြည့်လိုက်တော့ သူမက ကလေးလေးကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တယ်။ အဲဒီ အပြုအမူလေးက ကျွန်တော့်အတွက် သိပ်ပြီး ချစ်ဖို့ကောင်းနေခဲ့တယ်။

သူမက မြင်းမိုရ်ပွဲဈေးတန်းဖက် ဆင်းသွားတဲ့ အဲဒီသားအမိကို မျက်စိတစ်ဆုံးငေးကြည့်ပြီးတော့ ဘုရားရင်ပြင်ပေါ်မှာ လက်ယာရစ်အတိုင်း လျှောက်သွားတယ်။ သူမကို မျက်စိအောက်က အပျောက်မခံချင်တဲ့ ကျွန်တော့်မှာ ကင်မရာကို သုံးချောက်ထောက်ပေါ်ကနေ အမြန်ဖြုတ်၊ သုံးချောင်းထောက်ကို ကပျာကယာသိမ်းပြီး သူမ ထွက်သွားရာဖက်ကို လိုက်ဖို့ ပြင်ရတယ်။

သုံးချောက်ထောက်ကို အိတ်ထဲပြန်ထည့်ပြီး သူမကို လှမ်းကြည့်လိုက်တော့ ကျွန်တော့် မြင်ကွင်းထဲမှာ သူမရဲ့ အစအနလေးတောင် မရှိတော့ဘူး။ ရင်ထဲမှာ ထိတ်ခနဲ ပြာသွားတယ်။

၆။

ရင်ပြင်တော်ပေါ်မှာ မြင်းမိုရ်ပွဲတော်ကို လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေတယ်။ သူမ ဘယ်များရောက်သွားပါလိမ့်။ သူမကို ကျွန်တော် ရှာမတွေ့ ဖြစ်နေတယ်။ သူမ အလှက လူတွေကြားထဲမှာ မြှုပ်ပြီး ပျောက်သွားမယ့် အလှမျိုး မဟုတ်ပါဘူး။ လူတွေကြားထဲမှာ ထင်းနေမယ့် ရှင်းသန့်တဲ့ အလှပိုင်ရှင်ပါ။ ဘာကြောင့်များ ရှာမတွေ့ရတာလဲ။ ပြန်များသွားပြီလားကွယ်။ စိုးရိမ်စိတ်ကြောင့် မောသွားမိတဲ့ ကျွန်တော့်မှာ ဘုရားအာရုံခံတန်ဆောင်းထဲမှာ ဘုရားဝတ်ပြုနေတဲ့ သူမကို မြင်လိုက်မှပဲ စိတ်သက်သာရာရပြီး သက်ပြင်းချနိုင်တော့တယ်။

သူမက လက်အစုံကို ကြာဖူးကြာငုံလို ထိကပ်ထားပြီး တရားတော်တွေနဲ့ ရွတ်ဖတ်ပူဇော်နေတယ် ထင်တယ်။ ဘုရားရှိခိုးနေတဲ့ သူမရဲ့အသွင်လေးက အေးချမ်းလိုက်တာ။ သိပ်ပြီးတော့လည်း ကျက်သရ ရှိတယ်။ ကျွန်တော့်ကို ကျွန်တော် သတိမထားမိခင်မှာ ကင်မရာကိုထုတ်ပြီး သူမကို ဗွီဒီယို ရိုက်နေမိပြီ ဖြစ်တယ်။

သူမက စိတ်အေးလက်အေး ဘုရားရှိခိုးနေတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ .. သူမ ဘုရားရှိခိုးနေတဲ့အနားကို စောစောတုန်းက သားအမိနှစ်ယောက် ရောက်လာတယ်။ အမျိုးသမီးကြီးက ဘုရားဝတ်အပြု သူမက ဝတ်ပြုအပြီး။ သူမက ဝတ်ပြုနေစဉ်တုန်းက ပိတ်ထားတဲ့ မျက်လုံးအစုံကို ဖွင့်ပြီး ဘေးဖက်ကို လှည့်အကြည့်မှာ မျက်လုံးအစုံကို မှိတ်ထားပြီး ဘုရားဝတ်ပြုနေတဲ့ အမျိုးသမီးကြီးကို တွေ့မြင်လိုက်ရတော့ ရုတ်တရက် အံ့သြသွားဟန်ရှိတယ်။ တိုက်ဆိုင်လိုက်တာများလေလို့ သူမ တွေးများတွေးနေမလား။

သူမက နေရာကနေ ချက်ချင်းထမသွားသေးဘဲ အမျိုးသမီးကြီးကို တစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ နောက်လှည့်ကြည့်တယ်။ အမျိုးသမီးကြီးရဲ့နောက်မှာ ကားရုပ်မီးပုံးလေးနဲ့ ကောင်ကလေးက တစ်ယောက်တည်း မီးပုံးကလေးနဲ့ သည်းကြီးမည်းကြီး ဆော့ကစားနေတယ်။ သူမက ပြုံးပြီး ထဟန်ပြင်လိုက်တော့ ကလေးလေးဆီများ သွားမို့ရယ်လားလို့ ကျွန်တော့်စိတ်မှာ ထင်လိုက်မိတယ်။

ဒါပေမယ့် ဘုရားရှိခိုးနေတဲ့ အမျိုးသမီးကြီးကို တစ်ချက်ပြန်ကြည့်ပြီးမှ ထလိုက်တဲ့ သူမရဲ့ လှုပ်ရှားမှု တစ်စုံတစ်ရာက ကျွန်တော့် မျက်လုံးကိုကျွန်တော် မယုံနိုင်အောင် ဖြစ်သွားစေတယ်။

ဘုရားရှိခိုးနေလို့ ရှေ့မှာချထားတဲ့ အမျိုးသမီးကြီးရဲ့ လိမ္မော်ရောင် ပိုက်ဆံအိတ်က အခုတော့ သူမ လက်ထဲမှာ။ ဒါ ဘယ်လိုဖြစ်ရတာလဲ။ ဘုရားရှိခိုးနေတဲ့ အမျိုးသမီးကြီးကတော့ ဘာတစ်ခုမှ သိလိုက်ဟန်မရှိဘူး။ သူမကတော့ ပိုက်ဆံအိတ် လိမ္မော်ရောင်လေးကို သူမရဲ့ အိတ်အလား ဟန်ပါပါ ကိုင်လို့ အာရုံခံတန်ဆောင်းထဲကနေ တစ်လှမ်းချင်း လှမ်းထွက်သွားတယ်။

“ သူမ.. သူမ  အဲဒီပိုက်ဆံအိတ်ကို ခိုးလိုက်တယ်။ ”

“ သူမ.. သူမ ဘာလို့ ဒီလို လုပ်ရတာလဲ။ ”

“ ငါ.. ဘာလုပ်ရမလဲ။ ”

“ ငါ တစ်ခုခု အော်လိုက်ရမလား။ ”

တစ်ခုခုလုပ်သင့်တယ်ဆိုတာ သိနေပေမယ့် ကျွန်တော့်နှုတ်တွေက အာစေးမိထားသလို ဖွင့်လို့မရခဲ့ဘူး။ ကျွန်တော့်တစ်ကိုယ်လုံးလည်း ကျောက်ရုပ်တစ်ရုပ်လို တောင့်တင်းနေတယ်။ ကျွန်တော့်မျက်လုံးတွေကပဲ သူမကိုလှမ်းကြည့်လိုက် အမျိုးသမီးကြီးကို လှမ်းကြည့်လိုက်နဲ့ ပျာလောင်ခတ်နေတယ်။ အမျိုးသမီးကြီးရဲ့ ကံကောင်းခြင်းပေပဲလား ဒါမှမဟုတ် သူမရဲ့ ကံဆိုးခြင်းပေပဲလား။ ဘုရားဝတ်ပြုပြီးတဲ့ အမျိုးသမီးကြီးက ပိုက်ဆံအိတ် မရှိတော့တာကို ချက်ချင်းပဲ သတိထားမိသွားပါတယ်။

“ လုပ်ကြပါဦး .. ကျွန်မ ပိုက်ဆံအိတ် ပျောက်သွားလို့ လုပ်ကြပါဦး။ ”

အမျိုးသမီးကြီးရဲ့ စူးစူးဝါးဝါး အော်သံကြောင့် လူတွေ အုန်းအုန်းကြွပ်ကြွပ် ဖြစ်သွားတယ်။ ချက်ချင်းဆိုသလိုပဲ အမျိုးသမီးကြီးအနားမှာ လူတွေ ဝိုင်းသွားတယ်။

“ လုပ်ကြပါဦး… ဘုရားရှိခိုးနေတုန်းမို့ ရှေ့မှာ ချထားလိုက်တာ။ အခု မရှိတော့ဘူး။ ပိုက်ဆံအိတ်က လိမ္မော်ရောင်လေး။ ရှာပေးကြပါဦး။ အထဲမှာပါတဲ့တန်ကြေးက မနည်းလို့ပါ။ ”

မျက်စိပျက် မျက်နှာပျက် ဖြစ်နေတဲ့ အမျိုးသမီးကြီးက အခုပဲ ငိုချလိုက်တော့မယ့်အလား။ လူအုပ်ကြီးက ရင်ပြင်တစ်လျှောက်ဖြန့်ကျက်ပြီး ပိုက်ဆံအိတ် ခိုးယူသွားသူကို ရှာဖို့ပြင်ကြတယ်။

သူမက မလှမ်းမကမ်းမှာပဲ ရှိနေသေးတယ်။ ပြီးတော့ သူမရဲ့ လက်ထဲမှာရှိတဲ့ လိမ္မော်ရောင် ပိုက်ဆံအိတ်က ထင်းနေတယ်။ အခြေအနေတော့ မဟန်တော့ဘူး။ သူမကို သူတို့တွေ တွေ့သွားကြတော့မယ်။ သူမ ဘာဆက်လုပ်မှာလဲ။

ပိုက်ဆံအိတ်ယူသွားသူကို မြင်နေလျက်နဲ့ ဘာတစ်ခုမှ ဝင်မပြောဘဲ ငြိမ်ပြီးကြည့်နေမိတာကို သတိထားမိချိန်မှာ ကိုယ့်ကိုယ့်ကို စိတ်ပျက်သွားမိတယ်။ အံ့လည်း တော်တ်ာအံ့သြမိသွားတယ်။ ကျွန်တော် သူမကို သနားနေမိတာလား။ ဒါမှမဟုတ် ဖြစ်သွားသမျှကို မယုံမကြည် ဖြစ်နေသေးတာလား။ ဒါမဖြစ်သင့်ဘူး.. ဒါ လုံးဝ မဖြစ်သင့်ဘူးလို့ စိတ်ထဲမှာ တွင်တွင်ပြောနေပေမယ့်လည်း ကျွန်တော့်ပါးစပ်ကတော့ လှုပ်တောင် မလှုပ်ခဲ့ဘူး။ ရိုးသားမှုကိုမှ မြတ်နိုးပါတယ်၊ မတရားမှုတွေကို မုန်းတီးစပ်ဆုတ်ပါတယ်ဆိုတဲ့ ကျွန်တော့် စိတ်ဓါတ်တွေ ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ အောက်တန်းကျသွားခဲ့ရတာလဲ။

ကြည့်နေရင်းမှာပဲ လူအုပ်ကြီးနဲ့ သူမ တဖြည်းဖြည်း နီးလာခဲ့ပြီ။ သူမက ထွက်မပြေးဘဲ အေးအေးဆေးဆေး လျှောက်နေနိုင်သေးတယ်။ ပြီးတော့ နောက်တစ်ချက် လှည့်ကြည့်တယ်။ ဟန်တစ်ချက်မှ မပျက်တဲ့ သူမက ဟန်ဆောင်ကောင်းလိုက်တာလေ။ လူအုပ်ကြီးကို မြင်ပြီးနောက် သူမ ဘာဆက်လုပ်မှာလဲ။ ပိုက်ဆံအိတ်ကို ယူပြီး ထွက်ပြေးမှာလား။ ထွက်ပြေးလို့လည်း မှီမှာမဟုတ်တော့ဘူး။ ဟိုဖက်သည်ဖက် ပိတ်ပြီးဖမ်းမယ့် လူအုပ်ကြီးနှစ်အုပ်ရဲ့ အလယ်မှာ သူမ ရှိနေခဲ့တယ်။

သူမကို ငြိမ်ပြီး ကြည့်နေမိတဲ့ ကျွန်တော် အသက်တောင်မှ ရှုမိပါရဲ့လား။

ကြည့်နေစဉ်မှာပဲ သူမက လက်ထဲက ပိုက်ဆံအိတ်ကို ဘေးကနေ ဖြတ်သွားတဲ့ မိန်းကလေး၂ယောက်ဆီ ထိုးထည့်လိုက်တယ်။ အဲဒီမိန်းကလေး ၂ယောက်နဲ့ သူမက တစ်ဖွဲ့တည်းပဲလား။ ဒါပေမယ့် မိန်းကလေး၂ယောက်ကို လက်ညှိုးထိုးပြီး လူအုပ်ကြီးဖက်လှည့်လို့ ဟောဒီမှာ သူခိုး သူခိုးလို့ အသံစွာစွာနဲ့ သူမ အော်လိုက်မှ ကျွန်တော့် အထင်နဲ့အမြင် တက်တက်စင်အောင် လွဲသွားပြန်မှန်း သိလိုက်ရတယ်။

“ ဟော ဒီမှာ သူခိုး သူခိုး။ ”

“ သူခိုးက ဒီမှာ .. သူခိုး သူခိုး .. ။ ”

မိန်းကလေး၂ယောက်ကို လက်ညှိုးထိုးပြီး သူမက အသံစာစာ စာစာနဲ့ အော်တယ်။ ရုတ်တရက်မို့ ကြောင်အသွားတဲ့ မိန်းကလေး၂ယောက်က သူမ အော်သံကိုကြားမှ ရုတ်ချည်း အသက်ဝင်လာတယ်။ ဒါပေမယ့် ဟိုဖက် သည်ဖက် ပိတ်ဖမ်းမယ့် လူအုပ်ကြီးက မိန်းကလေး၂ယောက်ကို ဝိုင်းထားလိုက်ပြီ။

“ သူတို့လက်ထဲမှာ ပိုက်ဆံအိတ် ”

“ ဟာ သူခိုးမိပြီတဲ့။ ”

“ ဝိုင်းထား ဝိုင်းထား။ ”

“ သူခိုးမလေးတွေက ငယ်ငယ်လေးတွေပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ စာရိတ္တတွေက ပျက်ပြားနေလိုက်ကြတာ ”

“ မဟုတ်ဘူး။ မဟုတ်ဘူး။ သမီးတို့ မယူဘူး။ ဒီပိုက်ဆံကို သမီးတို့ မခိုးဘူး။ ”

တစ်ယောက်တစ်ပေါက် အော်သံတွေကြောင့် ကြက်သေသေရာကနေ ကျွန်တော် လန့်နိုးလာခဲ့တယ်။

“ လက်ပူးလက်ကြပ်မိတာတောင် မဟုတ်ဘူး ငြင်းချင်နေသေးတယ်။ လုပ်ထည့်လိုက်ရ။ ”

ယောက်ျားကြီးတစ်ယောက် လက်ဝါးနဲ့ ရွယ်လိုက်တယ်။ ကောင်မလေး၂ယောက်က ငိုနေပြီ။

“ မလုပ်နဲ့ မလုပ်နဲ့။ လက်မပါကြနဲ့။ ရဲစခန်းပို့မယ်။ သူတို့ကို ရဲစခန်း ပို့ရမယ်။ ”

“ သမီးတို့ မယူဘူး။ အဲဒီအစ်မကြီးက လက်ထဲ လာထည့်တာ။ ”

“ သမီးတို့ တကယ်မယူပါဘူး။ ”

ကလေးမလေးတွေရဲ့ ငြင်းဆန်သံလေးတွေက ငိုသံတွေကြားကနေ ပလုံးပထွေးနဲ့ ထွက်လာတယ်။ သူမကတော့ မျက်နှာတစ်ချက်မပျက်ဘဲ အမျိုးသမီးကြီးဘေးမှာ ဟန်ပါပါနဲ့ ရပ်နေတယ်။

“ ဟဲ့… ညည်းတို့ခိုးတာကို တွေ့လို့ သူက ပြောတာပေါ့ဟဲ့။ ကောင်မတွေ သိပ်လည်မနေနဲ့။ ”

ငေါက်ငမ်းဆဲရေးသံတွေက မြင်းမိုရ်ပွဲနဲ့ မလိုက်ဖက်စွာ ထွက်ပေါ်နေတယ်။ သူမ နေစိမ့်လိုက်တာ။ သူမက အပေါ်ယံ ရုပ်ရည်လှပသလောက် အတွင်းစိတ် ယုတ်ညံ့ပြီး အောက်တန်းကျလှပါလား။

“ ဒီလောက် ယုတ်မာတဲ့ အမျိုးသမီးကို ငါမို့ သဘောကျမိတယ်။
သူ ခိုးတာကို မြင်နေခဲ့တာတောင် ငါ့ပါးစပ်က တစ်ချက်လေးမှ မဟနိုင်ခဲ့ဘူး။ ငါတော်တော် အောက်တန်းကျသွားတာပါလား။ ”

ကိုယ့်ကိုယ်ကို စိတ်ပျက်ရွံရှာသွားမိတယ်။

“ အဖြစ်အပျက် အစအဆုံးကို ငါမြင်လိုက်ရပါလျက် ပြီးတော့ ငါ့မှာ သက်သေလည်း ရှိပါလျက်နဲ့ ဒီ အပြစ်မရှိတဲ့ ရိုးသားတဲ့ကလေး၂ယောက် ငါ့ရှေ့မှာ ဒုက္ခရောက်မယ့်အဖြစ်ကို ငါ လက်ပိုက်ကြည့်မနေနိုင်ဘူး။ ကလေး၂ယောက် ဖြူစင်ကြောင်း ငါ ကူညီရမယ်။ ”

စိတ်ပိုင်းဖြတ်လိုက်ပြီးတော့ ကလေးမလေး၂ယောက်ကို ရဲစခန်းဆီ အတင်းဆွဲခေါ်ဖို့ဟန်ပြင်နေတဲ့ လူအုပ်ကြီးဆီ လှမ်းကြည့်ပြီး

“ မဟုတ်ဘူး။ မဟုတ်ဘူး။ ဒီကလေးမလေး ၂ယောက်က သူခိုး မဟုတ်ဘူး။ ”

လို့ အော်ပြောရင်း လူအုပ်ကြီးထဲကို ကျွန်တော် တိုးဝင်သွားမိတယ်။ ကလေးမလေး ၂ယောက်ကို ကျွန်တော့်ကို အားကိုးတကြီးနဲ့ မော့ကြည့်ကြတယ်။

“ အဖြစ်အပျက်တွေ အားလုံးကို ကျွန်တော် အစအဆုံး မြင်လိုက်ရတယ်..
ပိုက်ဆံအိတ်ခိုးတာ သူတို့ ၂ယောက် မဟုတ်ပါဘူး ။ တကယ့် သူခိုးက အဲဒီမှာ။ ”

တစ်လုံးချင်း ခိုင်ခိုင်မာမာ ပြောလိုက်ပြီး သူမဖက်ကို ကျွန်တော် လက်ညှိုးထိုးလိုက်တော့ သူမက ပါးစပ်လေးဟသွားပြီး မျက်လုံးအစုံကလည်း ပြူးကျယ်သွားတယ်။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ နှုတ်ခမ်းလန်ပါးလန်နဲ့ ရန်တွေ့တော့တယ်။

“ ရှင် ဘာတွေ ပြောနေတာလဲ။ ကျွန်မက သူခိုး ဟုတ်လား။ ကျွန်မက ပိုက်ဆံအိတ်ကို သူတို့လက်ထဲမှာတွေ့လို့တောင် အကြောင်းကြားပေးသူပါ။ ရှင် မဟုတ်ကဟုတ်ကတွေ မပြောပါနဲ့။ ”

မဲ့ရွဲ့ပြီး ပြောနေတဲ့ သူမကို ကျွန်တော် ရွံသထက် ရွံရှာသွားမိတယ်။

“ ဘာလဲ။ ရှင်က ဒီသူခိုးမတွေနဲ့ တစ်ဖွဲ့တည်းပဲလား ”

သူမရဲ့ စကားကြောင့် ကျွန်တော် မျက်လုံးပြူးသွားမိတယ်။ ပြီးတော့ ဒေါသလည်း တအားထွက်သွားမိတယ်။ ကျွန်တော့်မှာ သူမရဲ့ အရုပ်ဆိုးတဲ့လုပ်ရပ်ကြီးတစ်ခုလုံးကို သက်သေပြုမယ့် ဗွီဒီယိုဖိုင်တစ်ခုရှိနေတယ်ဆိုတာကို မသိခဲ့တဲ့ သူမက တော်တော် ကံဆိုးတာပဲ။ သူမကို ဘာမှ ခွန်းတုန့်ပြန်မနေဘဲ လူအုပ်ကြီးကို ဦးတည်ပြီး ကင်မရာကို မြှောက်ပြလိုက်တယ်။

“ ကျွန်တော့်မှာ သက်သေရှိတယ်။ အဖြစ်အပျက်တွေ အားလုံးကို ကျွန်တော် ဗွီဒီယို ရိုက်ထားတယ်။ ကျွန်တော်ကပဲ ဟောဒီကလေးမလေးတွေနဲ့ ပေါင်းပြီး သူ့ကို ကြံစည် စွပ်စွဲသလား။ သူကပဲ ဟန်ဆောင်ကောင်းနေတာလားဆိုတာတော့ ခင်ဗျားတို့ကိုယ်တိုင် ဟောသည်မှာ လာကြည့်ကြ။ ”

“ ခင်ဗျားလည်း မကျေနပ်ရင် လာကြည့်လှည့်။ ”

လူအုပ်ကြီးက အလုအယက် တိုးဝှေ့ပြီး ကျွန်တော်ရိုက်ထားတဲ့ ဗွီဒီယိုကို ဝိုင်းကြည့်ကြတယ်။သူမကလည်း မယုံမရဲဟန်နဲ့ ရှေ့တိုးလာတယ်။

သူမ ပိုက်ဆံအိတ်ယူပြီး ထလိုက်တဲ့ နေရာကနေစဖွင့်ပြလိုက်တဲ့ ဗွီဒီယိုကလစ်ဟာ ကလေးမလေး၂ယောက် လက်ထဲ ပိုက်ဆံအိတ်ကို ထည့်လိုက်ပြီး သူခိုး သူခိုးလို့ အော်လိုက်တဲ့အချိန်မှာ အဆုံးသတ်သွားတယ်။

တမဟုတ်ချင်းမှာပဲ လူတွေ အကုန်လုံးရဲ့ အထင်သေးတဲ့၊ ရွံရှာစက်ဆုပ်တဲ့အကြည့်တွေဟာ သူမဆီ ရောက်သွားတယ်။

သူမက မျက်နှာကို လက်ဖဝါးနဲ့အုပ်လို့ ဟီးးခနဲ ငိုကြွေးလိုက်တယ်။

“ တော်တော် အကျင့်ယုတ်တဲ့ မိန်းမ။ ”

“ ကလေး ၂ယောက်ကိုပါ သက်သက် ဒုက္ခပေးတာ..။ ”

“ သူ့ကို အခုရဲစခန်းပို့ရမယ်။ ”

လူအုပ်ကြီးထဲကနေ ကျွန်တော် တွန်းထွက်လာခဲ့တယ်။ သူတို့တတွေရဲ့ တစ်ယောက်တစ်ပေါက် ပြစ်တင်ဝေဖန်သံတွေက ကျွန်တော့် နားထဲမှာ မကြားတစ်ချက် ကြားတစ်ချက်။ သူမရဲ့ ငိုရှိုက်လိုက်သံကတော့ ကျွန်တော့်ခြေလှမ်းတိုင်းရဲ့ နောက်ကို တပ်ကြပ်မကွာ လိုက်ပါလာနေသေးတယ်။

သူမ.. သူမ.. ကျွန်တော် မြင်မြင်ချင်း စွဲလန်းမိသွားတဲ့ မိန်းကလေးပဲလေ။

စိတ်မကောင်းခြင်း၊ မယုံရဲခြင်းတို့ကြောင့် ကျွန်တော့် စိတ်တွေ နောက်ကျိရှုပ်ထွေးကုန်တယ်။

ငါလုပ်လိုက်တာ မှန်ကန်တယ်။ အမှန်တရားအတွက် ငါလုပ်သင့်တာကို လုပ်ခဲ့တာ။ ဖြူစင်တဲ့ ကလေး၂ယောက်ကို ကယ်တင်ဖို့ အမှတ်တရားကို ငါချပြခဲ့တာပဲ။ ကျွန်တော့်ကို ကျွန်တော် အားပေးနေမိတယ်။

တစ်ချိန်တည်းပဲမှာ ကိုယ့်ကိုယ့်ကို မေးနေမိတယ်။ တကယ်လို့ သူမသာ ပိုက်ဆံအိတ်ကို ကလေး၂ယောက်လက်ထဲ မထည့်လိုက်ဘဲ သူမဘာသာယူပြီး လွတ်ရာကျွတ်ရာကို ပြေးသွားခဲ့ရင် ငါ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေမိမှာလား။

ကျွန်တော့်မေးခွန်းအတွက်အဖြေကို ကျွန်တော် မသိခဲ့ဘူး။

၇။

အဆင်းအတက်ကြမ်းတဲ့ လောကဓံမှာ သူမကို မာယာတွေနဲ့ ပြည့်နှက်နေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင် တွန်းပို့ခဲ့ကြတဲ့ အကြောင်းအရင်းတွေကို တွေးတောနေရင်း အိမ်ပြန်လမ်းက ကျွန်တော့်ခြေလှမ်းတွေဟာ အသွားတုန်းကနဲ့ ဆန့်ကျင်စွာ လေးလံထိုင်းမှိုင်းလို့နေတယ်။

ကောင်းကင်ကို မော့ကြည့်လိုက်တော့ မြူတိမ်ကင်းစင်တဲ့ ကောင်းကင်ပြင်မှာ သန်တူလရဲ့ လပြည့်လက ဝင်းဝင်းပပနဲ့ ထိန်ထိန်သာလို့။ ကျွန်တော့်ရင်ထဲမှာတော့ … ။ ။

လေးစားစွာဖြင့်
မြတ်ပန်းနွယ် 

37 comments:

THS said...

ဘယ်နိုင်ငံ ဘယ်လူမျိုးမှာမှ မရှိတဲ့ မြန်မာ့ ရိုးရာ ပွဲတော် ဆင်နွဲနေပုံကို မျက်စိထဲ မြင်ယောင်မိတယ်
ကိုယ်တိုင် ပွဲဈေးထဲ လျှောက်လည်နေရသလိုလို ..ထုံးစံအတိုင်း မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့
အဆုံးထိအောင် စွဲခေါ်သွားနိုင်တဲ့ ဇတ်လမ်းကောင်း တစ်ပုဒ် ဖြစ်နေပြန်ရော ၊ အဆင်ပြေပါစေ ။

San Htun said...

ထင်မှတ်မထားတယ့် အဆုံးသတ်လေးနဲ့  ဖမ်းစားလိုက်တယ်..အဲဒီကောင်လေး မှန်ပါတယ်

ဆုမြတ်မိုး said...

ဖတ်လို့ကောင်းလိုက်တာအမရယ်

ထရီဆာ (Teresa) said...

မမြတ်ရေ.. "နှလုံးသားမှာ ကြတ်တဲ့လ" တဲ့ . ခေါင်းစဉ်လေးကတည်းက စိတ်ဝင်စားလာတာ .. နောက်ဆုံးပေါင်းဖက်မယ်ထင်ခဲ့မိတာ .. အလယ်ရောက်တော့ ဇာတ်လမ်းအကွက်လေး က ပြောင်းလဲသွားခဲ့တယ် ..နောက်ဆုံးမှာတော့ မထင်မှတ်တဲ့ အမေးလေးနဲ့ အဆုံးသတ်ထားတာ သဘောကျမိတယ် အမ၊

လူ့စရိတ်တစ်ခုကို လူတစ်ယောက်ရဲ့ မျက်လုံးနဲ့သာ မြင်တွေ့နိုင်တဲ့ ဟန်၊ အမူ၊ အယာတွေနဲ့ မဆုံးဖြတ်နိုင်ဘူးဆိုတဲ့ သင်ခန်းစာလေး ရသွားတယ် မမြတ် ။ :)

Lynn Khit Deno said...

မမြတ်ပန်းနွယ်ရေးလိုက်ရင် ဇာတ်အိမ်အဆုံးသတ်ကို မှန်းရ ခက်တာချည်းပဲ . . . အမြဲ စိတ်ဝင်စားဖို့ ကောင်းပါတယ် ။
နောက်တစ်ချက်က ဒီတစ်ပုဒ်မှာ မြန်မာ့ရိုးရာပွဲတော် ဆင်နွဲ နေပုံကို ဖော်ကျုးထားတာ အသက်ဝင်လှတယ်ဗျာ ။
လေးစားပါတယ် ။ အားပေးနေပါဦးမယ် ။

ခင်မင်စွာဖြင့်
ဗညားရှိန်

တန်ခူး said...

့ညီမရေ. ဝါရင့်စာရေးဆရာမတယောက်ပါပဲ. ညက်ညောပြေပြစ်တဲ့ အရေးအသား. ထူးခြားတဲ့ဇာတ်အိမ်တည်ပုံ. ခန့် မှန်းလို့ မရတဲ့ဇာတ်သိမ်း. ပြီးတော့ လူ့ အတ္တကိုပါ ပါးပါးလေးပြသွားတာ လှလိုက်တာညီမရယ်.

ဇေယျာ said...

Hi Myat,

This is a great story as ever. Really enjoyable story with unexpected twist and ending. Bravo, Myat!

ထွန်းရန်နိုင် said...

အရမ်းကောင်းပါတယ် မမြတ်ပန်းနွယ်ရေ။ ဝတ္တုကောင်းလေးတွေ အမြဲဖတ်ခွင့်ပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်း အမြဲအားပေးနေပါ့မယ်။

မသန်းသန်း said...

နှစ်သက်စွာဖတ်ခဲ့ပါတယ် ညီမရေ။ ဝတ္တုကလေးက ဖော်ကျူးထားပုံကလေးလည်းလှ၊ ပေးချင်တဲ့ မက်ဆေ့ခ်ျကလေးကလည်းလှနဲ့ တကယ့်ကို ဝါရင့်တစ်ယောက်ရဲ့ လက်ရာအတိုင်းပါပဲ။မတန်ခူးပြောသလို လူ့အတ္တကိုပါးပါးလေးပြသွားလိုက်တာများ သိပ်ကိုပညာသားပါပါနဲ့လှလိုက်တာ။

Anonymous said...

အရမ်းကောင်းပါတယ်။ ဆက်ပြီးရေးပါ။ အားပေးနေပါတယ် မမမြတ်။

ပြည့် said...

အရမ်းကောင်းတယ် မမြတ်ပန်းနွယ်ရယ်။ ဝတ္တုကလေးက ဇာတ်အိမ်ကလေးကလည်း လှ၊ ရေးဖွဲ့ထားပုံကလေးကလည်းလှနဲ့ ဖတ်နေရင်း ပြီးသွားမှာတောင် စိုးရိမ်မိတဲ့အထိပါ။ မထင်မှတ်တဲ့ အလှည့်အပြောင်းလေးတွေနဲ့ ဖမ်းစားထားတာလည်း စာဖတ်သူကို ကျေနပ်မှုတစ်ခု ရသွားစေတယ်။ ပြီးတော့ မြင်းမိုရ်ပွဲတော်ကို ဖော်ကျူးထားပုံဟာလည်း အသက်ဝင်လှပါတယ်။ လူ့စရိုက်၊ လူ့အတ္တ နဲ့ လူတွေရဲ့အကြောင်းကို အမြင်တွေ အထင်တွေနဲ့ ဆုံးဖြတ်သတ်မှတ်လို့ မရဘူးဆိုတဲ့ အသိလေး ပေးသွားပုံကတော့ စာရေးသူရဲ့ တကယ့် မာစတာာပိစ်ပါပဲ။ စောင့်မျှော်ဖတ်ရကျိုးနပ်ပါပေတယ်။ အမြဲတမ်းလည်း အားပေးနေပါတယ်ရှင်။

လေးစားစွာနဲ့

Anonymous said...

i love this novel

Myint Mo said...

I really love this story, Myat.
Great story, strong background and twist. Your stories are always amazing. I really like your writing style and really encourage you to write in local published magazines.

သန့်စင် said...

အရမ်းကောင်းတဲ့ဝတ္ထုလေးပါ။
အားလုံးပြောကြသလိုပဲ ဇာတ်သိမ်းမှာ မထင်မှတ်တဲ့ အလှည့်လေးက ဒီဝတ္ထုလေးကို ပိုလို့ အသက်ဝင်စေ လှပသွားစေတယ်။ မြတ်ရဲ့ ညက်ညောပြေပြစ်တဲ့ အရေးအသားတွေကတော့ တကယ့် စာရေးဆရာရေးလက်အစစ်ပါပဲ။ အမြဲပဲ ဂုဏ်ယူလေးစားရင်း အားပေးနေပါတယ်။ နောက်ထပ်အများကြီးလည်းဖတ်ချင်ပါတယ်ဗျာ။

တတိယမြောက်သမီးတော် said...
This comment has been removed by a blog administrator.
တတိယမြောက် သမီးတော် said...

ကိုယ်ချစ်တဲ့သူကို အပြစ်မယူချင်တဲစိတ် နဲ့ အပြစ်ကနေလွတ်အောင်ကာကွယ်ပေးချင်တဲ့စိတ် အဲ့ဒီအတ္တ စိတ်တွေကတော့ ဖုံးလွှမ်းနေတတ်တာပါပဲ အမှန်တရားကိုမြတ်နိုးခြင်းနဲ့ ဖွင့်ချနိုင်တဲ့  စိတ်အင်အား လေးက ရှိနေလို့ သာ ဒီလိုလုပ်ဖြစ်တာမလား အရမ်းကောင်းတယ်။

Ma Aye Aye said...

တော်တော်ကောင်းတာပဲဗျာ။

Thiha said...

အရမ်းကို ကောင်းပါတယ် ခင်ဗျာ။ တကယ့်ဝတ္တုကောင်းတစ်ပုဒ်ပါပဲဆိုတာထက် တခြားချီးကျူးစရာစကား ရှာမတွေ့တော့လို့ပါ။ ဒီလို ရသဝတ္တုကောင်းလေးတွေကို ဖတ်ခွင့်ရတဲ့အတွက် မမြတ်ပန်းနွယ်ကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။ နောက်နောင်လည်း ဝတ္တုကောင်းလေး များစွာကို ရေးသားနိုင်ပါစေ။ ယခုထက်ပိုပြီးတော့လည်း အောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းခဲ့ပါတယ်ခင်ဗျာ။

ရာဇာထွေး said...

အမ မြတ်ရေ...
ဝတ္ထုလေးက စ၊ လယ်၊ ဆုံး အားလုံး(အရမ်းကောင်း)ကောင်းတယ်ဗျာ...
စာဖတ်သူကို ပြေပြေလေးနဲ့ အဆုံးအထိပါအောင်ဆွဲခေါ်သွားနိုင်တယ်...
ဖတ်ရင်းနဲ့ ဘာများဆက်ဖြစ်လာမလည်းပေါ့...နောက်ပိုင်းဘာဖြစ်လာမယ်
ဆိုတာကိုကြိုတင်ခန့်မှန်းလို့မရအောင် ရေးဖွဲ့တတ်တဲ့ အမမြတ်ရဲ့ အရေးအသား
လေးတွေကို အရမ်းသဘောကျမိတယ် အမရေ...၀တ္ထုကောင်းလေးတွေဖတ်ခွင့်
ရလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ...

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး

Angelhlaing(May everybody be happy and healthy! said...

ခေါင်းစဉ်းပေးတာလေး သဘောကျလိုက်တာမြတ်.. ဇာတ်လမ်းနဲ့ လိုက်ဖက်တယ် ... :)
အားပေးလျှက်ပါ မြတ်ရေ..

Arsenal said...

မြတ်ရေ ဝထ္ထုလေးက စိတ်ဝင်စားဖို့ကောင်းတယ်။ ကွက်ကွက် ကွင်းကွင်း ပုံဖော်ရေးသားတဲ့ ရသလေးကို ခံစားရတယ်။ တကယ်ကို ကိုယ်တိုင် ဘုရားပွဲထဲရောက်သွားသလိုပဲ။ အဟဲ ဒါပေမယ့် သူခိုးမ လေးကိုတော့ မဖမ်းရက်ဘူးဗျာ။

မိုးနတ်ကြယ်စင် said...

မ ရေ .....
ခေါင်းစဉ်လေး မြင်ကတည်းက
အရမ်းဖတ်ချင်နေခဲ့တာ ....ကိုယ်ကလဲ
ဒီရက်ထဲ အိမ်လည်တောင် ဘယ်ကိုမှ
မထွက်ဖြစ်ခဲ့တော့ မမြတ်ပို့စ်အသစ်လေးလဲ
မမြင်ခဲ့မိဘူးရယ် ....ညလေးစီပုံးမှာ
မမြတ်လာရေးထားတာလေးလဲ တွေ့ရတယ်..
မမြတ်ကိုလဲ အရမ်းသတိရနေတုန်း
ဝတ္ထုတိုကောင်းလေး တစ်ပုဒ်ဖတ်ရတာ
အလွမ်းပြေသွားတယ် ပြောရမယ် :)))
တကယ်ပါ ...အရမ်းသတိရနေခဲ့တာ..
မမြတ်လက်ရာလေးတွေကိုလဲ သတိတရနဲ့
အမြဲမျှော်နေခဲ့တာ ... ညလေး ဒီဘလော့ဂါ
ဝိုင်းထဲကို စရောက်ခါစ လွန်ခဲ့တဲ့ တစ်နှစ်ကျော်
လောက်ကတည်းက အရေးအသားနူးညံ့ပိုင်
နိုင်လွန်းတဲ့ ပြေပြစ်လွန်းတဲ့ မမြတ်လက်ရာ
ကဗျာလေးတွေ ၀တ္ထုတိုလေးတွေကို အားကြီး
စွဲလန်းခဲ့ရတာ ....တစ်ပုဒ်နဲ့တစ်ပုဒ်
မထပ်စေရပဲ အကြောင်းအရာလေးတွေ
မက်ဆေ့ခ်ျ ပေးထားတာလေးတွေ အရမ်း
ကောင်းတယ် .....:))))
အတိုင်းထက် အလွန်ကိုနှစ်သက်မိတယ် ..:)))
အပြစ်ပြောစရာ မရှိအောင် ပြီးပြည့်စုံပါသော
မမြတ်ရဲ့လက်ရာတွေကို အမြဲမျှော်နေပါတယ်နော်..
ဆက်လက်ထုဆစ်နိုင်ပါစေ မ ရေ .....
ညလေးက မ ရဲ့ အမြဲတမ်းပရိတ်သတ်ပါ :)
တခါတခါတော့လဲ မ ကိုအပြင်မှာ
သိပ်တွေ့ဖူးချင်တာပဲဗျာ :))))

ချစ်တဲ့ မိုးနတ်ကြယ်စင်

မိုးနတ်ကြယ်စင် said...

မ ရေ .....
ခေါင်းစဉ်လေး မြင်ကတည်းက
အရမ်းဖတ်ချင်နေခဲ့တာ ....ကိုယ်ကလဲ
ဒီရက်ထဲ အိမ်လည်တောင် ဘယ်ကိုမှ
မထွက်ဖြစ်ခဲ့တော့ မမြတ်ပို့စ်အသစ်လေးလဲ
မမြင်ခဲ့မိဘူးရယ် ....ညလေးစီပုံးမှာ
မမြတ်လာရေးထားတာလေးလဲ တွေ့ရတယ်..
မမြတ်ကိုလဲ အရမ်းသတိရနေတုန်း
ဝတ္ထုတိုကောင်းလေး တစ်ပုဒ်ဖတ်ရတာ
အလွမ်းပြေသွားတယ် ပြောရမယ် :)))
တကယ်ပါ ...အရမ်းသတိရနေခဲ့တာ..
မမြတ်လက်ရာလေးတွေကိုလဲ သတိတရနဲ့
အမြဲမျှော်နေခဲ့တာ ... ညလေး ဒီဘလော့ဂါ
ဝိုင်းထဲကို စရောက်ခါစ လွန်ခဲ့တဲ့ တစ်နှစ်ကျော်
လောက်ကတည်းက အရေးအသားနူးညံ့ပိုင်
နိုင်လွန်းတဲ့ ပြေပြစ်လွန်းတဲ့ မမြတ်လက်ရာ
ကဗျာလေးတွေ ၀တ္ထုတိုလေးတွေကို အားကြီး
စွဲလန်းခဲ့ရတာ ....တစ်ပုဒ်နဲ့တစ်ပုဒ်
မထပ်စေရပဲ အကြောင်းအရာလေးတွေ
မက်ဆေ့ခ်ျ ပေးထားတာလေးတွေ အရမ်း
ကောင်းတယ် .....:))))
အတိုင်းထက် အလွန်ကိုနှစ်သက်မိတယ် ..:)))
အပြစ်ပြောစရာ မရှိအောင် ပြီးပြည့်စုံပါသော
မမြတ်ရဲ့လက်ရာတွေကို အမြဲမျှော်နေပါတယ်နော်..
ဆက်လက်ထုဆစ်နိုင်ပါစေ မ ရေ .....
ညလေးက မ ရဲ့ အမြဲတမ်းပရိတ်သတ်ပါ :)
တခါတခါတော့လဲ မ ကိုအပြင်မှာ
သိပ်တွေ့ဖူးချင်တာပဲဗျာ :))))

ချစ်တဲ့ မိုးနတ်ကြယ်စင်

မိုးနတ်ကြယ်စင် said...
This comment has been removed by a blog administrator.
ကောင်းထက်ထွန်း said...

နည်းပညာ ရပ်ဝန်းစုံကို နာမည်ကော၊ လိပ်စာကော ပြောင်းလဲလိုက်ပါပြီခင်ဗျာ။ IT Field Network လို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ဘလော့လိပ်စာလေးကို ပြောင်းလဲ ကြည့်ရှုပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။ ကျေးဇူးပါ။

ဘလော့လိပ်စာအသစ်မှာလည်း အလှသစ္စာပန်းပွင့်များကို လင့်ခ်ချိတ်ထားပါတယ်။
www.itfieldnet.blogspot.com ကိုလာရောက်အားပေးပါဦး။

ခင်မင်စွာဖြင့်

ကောင်းထက်ထွန်း

နွေတေးရှင် (မင်းဧရာ) said...

၁နှစ်လောက်ကြာနေပြီလားလို့ အစ်မ ပိုစ့်မတင်တာ ;)

ဆီမီးထွန်းနေတာလေးတွေ ကို မျက်လုံးထဲ မြင်မိတော့ ရွာကိုပြန်ချင်သွားတယ် ။

ဝတ္ထုလေးတွေ ကတော့ အရင်လို ကောင်းနေတုန်း အစ်မရေ ။

witch83 said...

ခေါင်းစဉ်လေးကြောင့်ရော၊ ကောင်မလေးကို မြင်မြင်ချင်း သဘောကျချစ်ခင်ပြီး ဗွီဒီယိုလိုက်ဆွဲတာကို ဖတ်မိပြီးကတည်းက အဆိုးတစ်ခုခုဖြစ်တော့မယ် ထင်မိပေမဲ့ ဒီလို ဇာတ်သိမ်းမယ်လို့ မမျှော်လင့်မိတာရယ်... ဖတ်လို့ အရမ်း ကောင်းပါတယ် အစ်မ။ နောက်လည်း ဒီလိုမျိုး ဇာတ်လမ်းကောင်းကောင်းလေးတွေ ဆက်ရေးပါဦးနော်။

ကြည်ဖြူခင်ခင် said...

တကယ်အနှစ်သာရရှိပြီး ဖတ်ကောင်းတဲ့ ၀တ္ထုလေးပါပဲ.. အလည်ရောက်တဲ့အခိုက် ဖတ်ခွင့်လိုက်ရတာ.. ကျေနပ်မိပါတယ်..။

မိုးနတ်ကြယ်စင် said...

မ ရေ .....ညလေး မန့်ထားတာလဲ ရဘူးဗျ ..
ညစ်ထှာ :(((((

ayechanpyae said...

အရမ်းကို ရသမြောက်ပြီး ဇာတ်ကတော်တော် ဆွဲဆောင်နိုင် တာကိုတွေ့ရတယ် .လောကကြီးမှာ အ ပေါ်ယံကိုကြည့်ပြီး ဘာကိုမှ ယုံစားလို့မရတာကို ကွက်ကွက်ကွင်းကွင်းမြင် သာစေတယ် ။ မြတ် ပြောသလိုပဲ ကိုယ့်မျက်စိရှေ့တင် လက်ခံလို့မရတဲ့ အဖြစ်တွေ ဖြစ်သွားတာ တကယ်တော့ ဟန်ဆောင်ကောင်းကြလွန်းလို့လေ ။ မြတ် ရဲ့စာတွေက ပရိတ်သတ်ကို အဖိုးတန်message တခုခု အမြဲပေးတယ် ။ စာအုပ်လေးတွေအဖြစ် မြင် ချင် လှ ပြီ။ စောင့် မျှော် နေမယ် နော်

ကျော်အောင် said...

သရုပ်ဖော်ဝတ္တုကောင်းကလေး တစ်ပုဒ်ပဲ မြတ်ရေ။ ဒီတစ်ပုဒ်မှာတော့ စာရေးသူရဲ့ပညာကို အရမ်းလေးစားသွားရပါပြီ။ တစ်ခုပြီးတစ်ခုဖြစ်ပျက်နေတာကို ထိထိမိမိသရုပ်ဖော်သွားတာ ပိုင်ပိုင်နိုင်နိုင် ရှိလှတယ်။ အရမ်းကိုနှစ်သက်ပါတယ် မမြတ်။

အိသီရိတင် said...

ဝတ္တုကလေးက ကောင်းလိုက်တာ မမ။ မြင်းမိုရ်ပွဲတော်ကို ညီမလေးလည်း လွမ်းသွားတယ်။ ငယ်ငယ်တုန်းက အတူတူသွားခဲ့တာကို သတိရမိတယ်။ ဒီတစ်ခါ သီတင်းကျွတ်မှာ တစ်ခေါက်သွားဦးမယ် မမ။

ဝေမိုးနိုင်(မုံရွာ) said...

ဒီဝတ္ထုလေးကို အစ်မဘလော့မှာတင်ကတည်းက ကော်ပီပေ့စ်လုပ်ထားတာ။ အလုပ်တွေက ရှုပ်နေတာနဲ့ ဖတ်မယ် ဖတ်မယ်ဆိုပြီး မဖတ်ဖြစ်ခဲ့တာ။ မနေ့ညကတော့ အေးအေးလူလူရှိတာနဲ့ သိမ်းထားတဲ့ဖိုင်လေးဖွင့်ပြီး ဖတ်ဖြစ်လိုက်တယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် အစပိုင်းမှာ ဖတ်ရတာ သိပ်စိတ်မပါဘူး။ ပုံမှန်ရေးရိုးရေးစဉ်အချစ်ဇာတ်လမ်းပုံစံမျိုးလို့ပဲ ထင်ခဲ့မိတယ်။ ဒါပေမယ့် ဇာတ်လမ်းအလယ်လောက်ကစပြီး ဒီဇာတ်လမ်းက တစ်ခုခုထူးခြားတော့မယ်ဆိုတာ ရိပ်မိလာတယ်။ ဆွဲဆောင်မှုကလည်း ပိုပို ပိုပိုတက်တက်လာတယ်။
ဇာတ်သိမ်းမှာတော့ မထင်ထားတဲ့အလှည့်မျိုးနဲ့ သိမ်းချလိုက်တော့ သဘောကျလိုက်တာ။ ကိုယ်တိုင်က အိုဟင်နရီဝတ္ထုမျိုးတွေ၊ ဆရာကြီးဦးသုခတို့ ၀တ္ထုမျိုးတွေ ဇာတ်လမ်းအလှည့်ဝတ္ထုတွေကို မြတ်မြတ်နိုးနိုးဖတ်တတ်သူဆိုတော့ တော်တော်လေး သဘောကျမိတယ်အစ်မရေ…။
တစ်ခုပဲ….အရင်ဝထ္ထုတွေလောက်ရေးထားတာ စာသိပ်မချောသလိုခံစားမိတယ်။ အစ်မ လောပြီး ၀ါကျချောအောင် ပြန်မစစ်မိတာနဲ့တူပါတယ်။

Anonymous said...

လူ့သဘာဝကို ထင်ဟပ်ပြသွားတဲ့ဝတ္တုကလေးပါပဲ။အချစ်ဝတ္တုလေးတစ်ပုဒ်လို့ထင်ခဲ့တာ။အချစ်တော့အချစ်ပါပဲ။ဒါပေမယ့် စိတ်မကောင်းစရာအချစ်။

U K said...

ဝတ္တုကလေးကအရမ်းလှတယ်။
အရေးအသား၊တင်ပြပုံ၊ဆွဲခေါ်သွားပုံတွေအားလုံး အဆင်ပြေတယ်။ရသလည်းမြောက်တယ်။အမြဲအားပေးနေပါတယ်။

ကြည်ဖြူပိုင် said...

ဇာတ်အိမ်လေးဖွဲ့စည်းထားတာအရမ်းကောင်းပြီး စာဖတ်သူကိုတောက်လျှောက်ဆွဲခေါ်သွားတယ်။မထင်မှတ်တဲ့ဇာတ်ကွက်လေးနဲ့ဇာတ်သိမ်းသွားတယ်။အရမ်းအရမ်းကြီးကိုသဘောကျမိပါတယ် မမမြတ်ရေ။ ကြိုက်စ် ကြိုက်စ်

ye Lin Myat said...

မထင်မှတ်တဲ့ အလှည့်အပြောင်းလေးကို သဘောကျစွာနဲ့ ဖတ်သွားခဲ့တယ်။ မပန်းနွယ်ဆီကနေ ဒီလို လက်ရာလေးတွေကို အမြဲတန်း မျှော်လင့်နေပါတယ်။ ရသ၀တ္တုကောင်းလေးတစ်ပုဒ်ပါပဲ။